အချစ်နဲ့ လမ်းခွဲ


အချစ်တဲ့
ငါ့ကို ခဏလောက်မေ့ထားပေးစမ်းပါ . . . .
အခုသောက်နေတဲ့ ကော်ဖီခွက်ထဲမှာလား
ရေပြင်ပေါ်က မီးခိုးတွေ ဆိုတဲ့ ခရမ်းရောင်ရင့်ရင့် သီချင်းထဲမှာလား
စိတ်ကျေနပ်မှုမရခဲ့တဲ့ ညက တ၀က်တပျက်တွေထဲမှာလား
ချစ်တယ်.. ချစ်တယ်.. ရယ်.. ငါ့ကို ခဏမေ့ထားပါကွယ်။


ဖြစ်ပျက်သမျှဟာ လှည့်စားမှု အမှန်တရားတွေပဲမဟုတ်လား
စာရွက်ပေါ်ရေးထားသမျှ..
လေလှိုင်းထဲ ကြားရသမျှ . .
ဘာပဲဖြစ်ဖြစ် .. ယုံကြည်ရတာ ပျော်စရာကောင်းတယ်

နောက်ထပ် အရုပ်ကလေးကောက်ရဦးမှာလား
ကံတရားက ဘကြီးအောင်လို ညာတတ်တာလည်း မဟုတ်ရ
ကိုယ်ကလည်း ကလေးလေးလို စွဲလန်းမှုပြင်းထန်ခြင်းလည်း မရှိခဲ့မှ
ဒီဇာတ်က မနာရတော့ဘူးပေါ့ကွာ..။

မင်းကို လမ်းခွဲ နှုတ်ဆက်နေတာပါ...
အချစ်
ခပ်လှမ်းလှမ်းကသာ ရပ်ကြည့်နေစမ်း.. အချစ်ရာ
နှလုံးသားထဲက အကြွေစေ့လေးတွေ သွန်ချပစ်လိုက်သလို
တချွင်ချွင်မြည်တမ်း
ခုန်ထွက်သွားလိုက်စမ်းပါ . . ။

အဇင်းရွာသား ၁၀၀ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်းဆီးထား
၂၀၁၁ ဇွန်လ ၂၃ရက်။


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ အစိုးရ စစ်တပ်သည် ကရင်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် စစ်ဗိုလ်တဦး အား ပြန်လွှတ်ပေးရန်အတွက် ဓါးစာခံအဖြစ် ယခုအချိန်တွင် အဇင်းရွာသား ၁၀၀ကျော်ကို ဖမ်းဆီး ချုပ်နှောင် ထားကြောင်း ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အဇင်းကျေးရွာ အခြေစိုက် အစိုးရ စစ်တပ်စခန်းတခုအား ကရင်ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်စီးနင်းခဲ့ရာ တွင် တပ်စခန်းထဲမှ စစ်ဗိုလ်တစ်ဦးကို အရှင် ဖမ်းဆီးရမိ ခဲ့သည့်အတွက် ၎င်းစစ်ဗိုလ်ကို ပြန်လွှတ်ပေးရန် ယခုကဲ့သို့ ရွာသားများအား ဓါးစာခံအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

သူက “စစ်ဗိုလ် ပြန်လွတ်ပေးဖို့အတွက် ရွာသားတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားတာပါ။ အခုအချိန်ထိ ဖမ်းထားတုန်းပဲ။ အဲဒီစစ် ဗိုလ်ကို ပြန်မလွှတ်မချင်း ဓါးစာခံအဖြစ် ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ရွာသားတွေကို လွှတ်ပေးမှာ မဟုတ်ဘူးလို့ စစ်တပ်က ပြော တယ်။”ဟု ပြောသည်။

အဆိုပါ အစိုးရစစ်တပ်၏ တပ်ရင်းနံပါတ်ကို မသိရှိရသေးသော်လည်း ဖမ်းဆီးထားသည့် အဇင်းရွာသား ၁၀၀ကျော်ကို သီးသန့်နေ ရာတွင် ချုပ်နှောင်ထားပြီး ၎င်းတို့အထဲမှ ရွာသားအချို့မှာ စစ်တပ်၏ ညှင်းပန်း နှိပ်စက် ခံနေရသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်လူ့အခွင့်အရေးအဖွဲ့ (ကေအိတ်ခ်ျအာရ်ဂျီ)မှ သတင်းပြန်ကြားရေးတာဝန်ခံ နော်ဂေနေဆဲက “အဲဒီကိစ္စကို ကျမတို့ ကြားသိရပါတယ်။ ဒါပေမယ့် အထဲမှာရှိတဲ့ ကျမတို့လူတွေ သတင်းအချက်အလက် မပို့ပေးသေးတဲ့အပေါ်မှာ အသေးစိတ် မပြောနိုင်သေးဘူး။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၇ရက်နေ့ကလည်း အဇင်းကျေးရွာအနီးရှိ မယ်တလဲကျေးရွာအနီးတွင် အခြေစိုက်သည့် ခမရ(၂၅၃) တပ်ရင်းအား ဒီကေဘီအေတပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်က ကျေးရွာအတွင်းသို့ ၈၁-မမ လက်နက်ကြီးဖြင့် အချက် ၃၀ကျော် ပြန်လည် ပစ်ခတ်သောကြောင့် အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၁၇နှစ်အရွယ် လူငယ်တစ်ဦးနှင့် ၂၅အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း၊ ဘုရားငုတ်တို၊ တအေးရှေး၊ မိနန်းအပ် စသည့်ကျေးရွာများတွင် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် ရာနှင့်ချီ သည့် အဇင်းရွာသားများ ထိုင်းနိုင်ငံနယ်၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။


အတူတူ မအိပ်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို ရေးထားတဲ့ အီးမေးလ် ဖတ်ဖူးကြမှာပါ။ မျက်ကပ်မှန် ဝတ်ပြီး မအိပ်သင့်တာတွေ၊ လက်ကိုင်ဖုန်းကို အိပ်ရာအနားမှာ မထားသင့်တာတွေ၊ လက်ပတ်နာရီဝတ်ပြီး မအိပ်သင့်ကြောင်း၊ သူများ သားမယားနဲ့ ဖောက်ပြားဖို့ မအိပ်သင့်ကြောင်းတွေ ပါတဲ့ အီးမေးလ်လေးပေါ့။ ဘယ်သူရေးမှန်း မသိတဲ့ အဲဒီစာကို ဟိုလူက ပို့၊ ဒီလူက ပို့နဲ့ အွန်လိုင်းကမ္ဘာမှာ ကူးချီသန်းချီ လုပ်နေတာ ကြာလှပါပြီ။ အဲဒီ အီးမေးလ်ထဲမှာပဲ မိန်းခလေးတွေ မိတ်ကပ်လိမ်းပြီး မအိပ်သင့်ကြောင်းနဲ့ ဘရာစီယာ ဝတ်ပြီး မအိပ်သင့်ကြောင်း ဆိုတာတွေလည်း ပါသေးတယ်။ အမေရိကန်က ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ တစ်ရက်မှာ ၁၂ နာရီထက် ကျော်လွန်ပြီး ဘရာစီယာ ဝတ်ထားရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်လို့ အဲဒီအီးမေးလ်ထဲမှာ ရေးထားပါတယ်။

မနေ့ညက တစ်ယောက်သောသူနဲ့ ဖုန်းပြောနေရင်း အမှတ်မထင် အဲဒီကိစ္စကို ငြင်းကြသေးတယ်။ ဘရာ ဝတ်အိပ်ရင် ရင်သားကင်ဆာ ဖြစ်မယ်လို့ ရေးထားတဲ့ အီးမေးလ်ကြီးကို ဖတ်ထားမိတော့ ကျွန်တော်လည်း သူ့အတွက် စိုးရိမ်မိတာပေါ့။ ကင်ဆာဆိုတာက သိတဲ့အတိုင်း လူနာရော လူနာရှင်ရော သူငယ်ချင်းတွေရော စိတ်ညစ်စေဖို့ အရမ်းကောင်းတယ်။ ဒီလိုနဲ့ပဲ ဂျီစီဘီအေ တွဲရေးခွဲရေး အမြင်မတူသလိုမျိုး မိန်းခလေးတွေ ဘရာစီယာ ဝတ်ပြီး အိပ်လို့ ရမရ အငြင်းပွါးစရာ ကိစ္စလေးတစ်ခု ဖြစ်လာတယ်။



အဲဒီတော့လည်း အင်တာနက်မှာ ဟိုဟိုဒီဒီ ရှာဖွေ ဖတ်ရှုရတာပေါ့။ တွဲရေးခွဲရေး လိုမျိုးပါပဲ။ တွဲသင့်တယ်လို့ ရေးတဲ့သူလည်း ရေးပါတယ်။ ခွဲသင့်တယ်လို့ နှိုးဆော်တဲ့သူလည်း နှိုးဆော်ပါတယ်။ တွဲချင်တွဲ ခွဲချင်ခွဲ ဆိုတာတွေလည်း ရှိပါတယ်။ ဖတ်နေရင်းနဲ့ လူလည်း ချာချာလည်သွားတယ်။ အဲဒီတော့ ဒီကိစ္စကို အွန်လိုင်းမှာ အစုံသုပ်မော မအယ်လ်နဲ့ တွေ့လို့ လှမ်းမေးကြည့်သေးတယ်။ သူလည်း အိုဂျီ မဟုတ်လေတော့ တိတိပပ မဖြေတတ်ဘူးတဲ့။

ဖတ်မိသလောက်ထဲက ကောင်းနိုးရာရာလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးချင်ပါတယ်။ ပျိုမေတို့အတွက် ဆိုလို့ အိုမေမေတွေက စိတ်မကောက်ကြပါနဲ့။ ယူသော် ရ၏... လို့ သဘောထားပြီး ယူလိုသမျှကို ယူကြပါ။ မိန်းခလေးတွေအတွက် ဦးတည်ရေးထားတဲ့ စာတွေကို ဝေမျှတာဖြစ်လို့ ဦးဦးကိုကိုညီညီ ကာလသားများ မျက်စိရှက်ရင် ကျော်ဖတ်သွားကြပါလို့ ပြောရင်လည်း မကျော်တဲ့အပြင် တစ်လုံးချင်း တစ်ကြောင်းချင်းကို အပ်ကျမတ်ကျ ဂရုတစိုက် ဖတ်ရှုနေမှာကိုလည်း မြင်မိပါတယ်။ အလွတ်ကျက်မယ့်သူတောင် ရှိနိုင်ပါတယ်လေ။

မိန်းခလေးတွေ ဘရာဝတ်ချင်တဲ့ အကြောင်းပြချက်က နှစ်မျိုးရှိနိုင်ပါတယ်။ ကလေးဘဝကနေ အပျိုဘဝကို ရောက်လာတဲ့ ရင်ဖိုမှုနဲ့အတူ ဘရာကို စ ဝတ်ခဲ့ကြပါတယ်။ ဘရာကို စ ဝတ်နိုင်ပြီဆိုတာက လူကြီးဖြစ်ပြီ အရွယ်ရောက်ပြီပေါ့။ အဲဒီရင့်ကျက်မှုအတွက် စိတ်ထဲမှာ မသိမသာလေး လက်မထောင် ဂုဏ်ယူကြပါတယ်။ အဲဒီ ဂုဏ်ယူမှုကို မရပ်လိုက်ချင်တဲ့ ဆန္ဒတွေနဲ့အတူ ဘရာကို အမြဲတမ်း ဝတ်ချင်နေတတ်ပါတယ်။

နောက်တစ်ချက်က မြီးကောင်ပေါက်စ အပျိုဖြန်းလေးတွေဟာ ရှက်တတ်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲလာတဲ့ အပေါ်မှာလည်း ရှက်သွေးဖြာကြပြန်တယ်။ ခန္ဓာကိုယ်ရဲ့ တချို့သောအပိုင်းတွေမှာ ပြောင်းလဲလာတဲ့ အရွယ်အစားတွေ ပုံစံတွေကို တခြားလူတွေ သတိထား မြင်သွားမှာကို စိုးထိတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘရာကို တစ်နေ့မှာ ၂၄ နာရီပတ်လုံး တစ်ပတ်မှာ ခုနစ်ရက်လုံး ဝတ်ဆင်ထားလေ့ ရှိပါတယ်။ မီးပဲလောင်နေ လောင်နေ၊ မုန်တိုင်းပဲ ဝင်နေဝင်နေ... ဘယ်လို အခြေအနေမျိုးကို ကြုံတွေ့နေပါစေ။ အဲဒီလို ဘရာ ဝတ်ထားရရင် သူတို့ရဲ့ စိတ်ထဲမှာ အရှက်တရားအတွက် လုံခြုံမှု ရှိနေပါတယ်။

တချို့မိန်းခလေးတွေအနေနဲ့ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာဟာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာ မှားတဲ့ကိစ္စတော့ မဟုတ်ပါဘူးတဲ့ဗျာ။ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ ဘရာကို ဝတ်ပြီး အိပ်တာ ဆိုရင်ပေါ့လေ။ အသက်ရှုကျပ်လောက်တဲ့ ဘရာတွေတော့ နေ့ဘက်လည်း မဝတ်သင့်သလို ညမှာလည်း မဝတ်သင့်ပါဘူး။ ရင်သား နာကျင်နေတဲ့ အမျိုးသမီးလူနာတွေကိုတောင် တချို့ဆရာဝန်တွေက ဘရာ ဝတ်ပြီး အိပ်ဖို့တောင် အကြံပေးပါသေးတယ်။ ညအိပ်တဲ့အခါ ဘယ်လို ဘရာ အရွယ်အစားမျိုး ဝတ်ဆင်သင့်သလဲ ဆိုတာကိုတော့ ပြောင်းလဲနေတတ်တဲ့ ကိုယ့်အရွယ်အစားကို တိုင်းတာပြီး ဆိုင်မှာ သေချာ ရွေးချယ်ကြပေါ့။

အွန်လိုင်းလောကမှာတော့ ဘရာဝတ်အိပ်တာနဲ့ ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုး အမျိုးစုံကို ရေးထားတဲ့ ယုံတမ်းစကားတွေကို ဖတ်ဖူးကြမှာပါ။ တကယ့်လက်တွေ့မှာတော့ အဲဒီယုံတမ်းစကားတွေနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ ရှာဖွေဖော်ထုတ် သက်သေပြထားတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ ဘရာ ဝတ်ပြီး အိပ်လို့ မိန်းခလေးတွေရဲ့ ရွှေရင်နှစ်မွှာ ပိုပြီးလှပတင့်တယ်လာမယ် ဆိုတာလည်း အာလူးတွေပါပဲ။ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး ပင့်တင့်ပေးထားတဲ့ ဘရာကြောင့် ရင်သားတွေ ပျော့အိတွဲကျလာတာကို ကာကွယ်တယ် ဆိုတာတွေလည်း မဟုတ်ပါဘူး။ ရင်သားတွေ ပျော့အိတွဲကျလာတာ အသက်အရွယ်ကြောင့်နဲ့ ကိုယ်ဝန်ဆောင်တာတွေနဲ့ပဲ ပတ်သက်ပါတယ်။ အဲဒီလိုပဲ ဘရာဝတ်ပြီး အိပ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ် ဆိုတာလည်း သက်သေပြစရာ မရှိသေးပါဘူး။ ဘရာ ဝတ်အိပ်လို့လည်း မိန်းခလေးတွေရဲ့ ရင်သား ဖွံ့ဖြိုးကြီးထွားမှုကို ရပ်တန့်စေတယ်ဆိုတာလည်း မမှန်ပြန်ပါဘူး။

အကောင်းဆုံးကတော့ ပေါ့ပါးချောင်ချိတဲ့ ဘရာစီယာမျိုးကို ဝတ်ပြီး အိပ်ပေါ့။ တချို့သော ညအိပ်ဝတ်တဲ့ ဝတ်စုံအပေါ်ပိုင်းမှာလည်း အသင့်ချုပ်ထားတဲ့ ဘရာတွေ တွဲပါတာမျိုး ရှိပါတယ်။ ဘယ်လိုဟာမျိုးပဲ ဖြစ်ဖြစ်ပါ။ ညအိပ်ဝတ်ဖို့ ရွေးချယ်တဲ့ ဘရာဟာ ကျပ်ထုပ်နေတဲ့ ဘရာမျိုး မဟုတ်ရင် အဆင်ပြေပါပြီ။ ရင်သားထဲကို သွေးလည်ပတ် စီးဆင်းမှုနေတာ အနှောင့်အယှက် မဖြစ်ရအောင်ပေါ့။ မိန်းခလေးတွေ ဘရာကို ဝတ်ပြီး အိပ်ရာဝင်တဲ့ ကိစ္စမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဝတ်ထားတဲ့ ဘရာက သက်တောင့်သက်သာ မရှိလို့ ညဘက် အိပ်မရတာမျိုး ဖြစ်စေတာပါပဲ။

ကဲ... အခုက စပြီး ကျွန်တော် နားလည်လိုက်ပါပြီ။ ဘရာနဲ့အတူ အိပ်ချင် အိပ်.. မအိပ်ချင်လည်းနေ... အရာရာ မင်းပါ မေ... ပါကွယ်။

အရာရာ မင်းပါ မေ...

သကြားထက် ချိုသောအရာ



အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး
တစ်ခုပေါ်မှာ ထိုင်နေပါတယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊
စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ
အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့
သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….
ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့
သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့
အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…



ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ
ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့
အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ
“ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်..
ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ
အဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို
ဝတ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း
ဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီး
တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…
သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့
စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ
အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း
နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..



အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ…. ညီညာပြီး
ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင်
ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က
သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း
ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်….
အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့
အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား
ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား
ဒီနေရာက ထွက်သွားပါ.. ” လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..



ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု
ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..
အမျိုးသမီးက “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို
ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက်
ကူညီပေးပါလားရှင်.. ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “
ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ.. သူဟာ
ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး.. သူ့ကို ဘာများလုပ်မလို့ပါလဲ ”
လို့မေးလိုက်ပါတယ်..



“ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို
အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်… ပြီးတော့လဲ
ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို
လွတ်မြောက်စေချင်တယ်.. ”



“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး ” ပြောနေရင်းမှာဘဲ
သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.. “
ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ..
ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန်
ငြင်းမိပါတယ်..



“ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို
မမိုက်မဲချင်စမ်းပါနဲ့” ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..
နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို
ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက်
ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ
စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက်
ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်.. ဆိုင်ရဲ့
မန်နေဂျာဖြစ်သူဟာ စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ
လာရပ်ပြီး မေးပါတယ်.. “ ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ..
ဒီအဖိုးကြီးက ခင်ဗျားတို့ကို ဒုက္ခများပေးနေလို့လား ”

“ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ”
ရဲအရာရှိရဲ့ စကားအဆုံးမှာ “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့
သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ
လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်..
ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ
တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…” လို့
ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..



“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ ..
ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်..
ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က
သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ
ပြောလိုက်ပါတယ်..



အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး
ပြုံးပြလိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီ
နှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ” လို့
မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်..
သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့
အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်..

အမျိုးသမီးက “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့်
ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ
ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ်
မဟုတ်လား.. ”



“အဲဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက
ဒေါသထွက်လာပုံရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..



“ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”



“ဗျာ…. ” မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..



အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့
အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်..
ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”



စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “
ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”



“တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”



“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”



“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”



ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက



“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်..
ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ”
လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..



မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား
သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု
လှမ်းပြောလိုက်ပါတယ်..



“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို
ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” ပြောရင်းက အမျိုးသမီးဟာ
ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. အဖိုးကြီးဘက်ကို လှည့်ပြီး စကား
စတင်ပြောပါတယ်..



“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”



အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ
စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို
ရင်းရင်းနှီးနှီး သိနေပုံဘဲ”



“ဟုတ်ပါတယ် .. ကျွန်မက အရင်တုန်းကထက်စာရင် ရင့်ရော်သွားခဲ့ပါပြီ..
အခုအချိန်မှာ ဟိုအရင် အချိန်တုန်းက ထက်စာရင် ငွေကြေးဥစ္စာ အရာရာ
ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မ ငယ်စဉ်ကာလတုန်းက
ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန် ကျွန်မဟာ အေးခဲနေတဲ့
ခုလိုရာသီမျိုးမှာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး
တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့အချိန်တွေ

ကို ဘယ်တော့မှ
မမေ့ပါဘူးရှင်…”



“ အစ်မကြီး”



ရဲအရာရှိထံမှာ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို
ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..



အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ
အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့
ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်တစ်ခုတစ်လေမှကို
တော်တော်နဲ့ ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး…
နောက်ဆုံးတော့ လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ
မကျန်တော့တဲ့အခါ ကျွန်မ ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ
မပေးနိုင်တော့တဲ့ ကျွန်မကို မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့..
ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့ အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊
ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို
စားစရာ တစ်ခုတစ်လေ ရလို ရငြား ရောက်လာခဲ့ပါတယ်.. ”



အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ
ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက်
နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့
ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်းမဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့
အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျတဲ့အတွက်
အလုပ်မပေးနိုင်ကြောင်း ပြောခဲ့တယ်.. ”



“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက်
မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ
တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့
ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကို
စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ
သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ
သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”



“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ” အဖိုးဂျက်က
အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..



“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်..
အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်..
ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို
ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ… သူများထက် ပိုကြိုးစားရတာပေါ့
ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ”
အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့
လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက



“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း
ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်..
ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ
စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင်
စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင်
ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်..
ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက်
အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”



အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက “ခင်ဗျားကို
ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ… ”



“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ
ဝမ်းမြောက်စရာပါ.. ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို
ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့
ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ
တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို
လမ်းပြခဲ့တဲ့သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”



စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့
ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်..
ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ
ခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..



“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”



“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင်
ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ
အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ
မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်.. ခင်ဗျားရဲ့
ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”



ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ “အိုး
ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု
ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ်
ထပ်ယူမလား. ”



ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့
“ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား
အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်..
တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ
ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်းလှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ
ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..”
လို့ ပြောလိုက်ပါတော့တယ်..



———————————————————————————————————————————–

ကျွန်မတို့တွေရဲ့ ဘ၀မှာရော သကြားထက်ချိုတဲ့ အရာများကို မိမိမိတ်ဆွေ၊
မိမိပတ်ဝန်းကျင်ကနေ ရရှိခဲ့ဖူးပါရဲ့လား.. ကိုယ့်ဘက်ကရော
ပြန်ပေးဆပ်ဖူးပါပြီလား… ဇာတ်လမ်းလေးထဲက အမျိုးသမီးရဲ့ အလုပ်အပေါ် ထားတဲ့
စိတ်ဓာတ်၊ ဇွဲလုံ့လနဲ့ ကြိုးစားခဲ့တဲ့ စိတ်ဓာတ်တွေက အတုယူစရာ
လေးစားအားကျစရာ ကောင်းလှပါတယ်နော်.. အလှပဆုံးကတော့ ကျေးဇူးသိတတ်တဲ့
စိတ်ဓာတ်လေးပါ.. ရဲအရာရှိ ပြောသလိုပါဘဲ.. စေတနာ မေတ္တာ အပြည့်နဲ့
ကျေးဇူးသိတတ်ခြင်းက သကြားထက်ကို ချိုမြိန်လှပါတယ်.. ကျွန်မတို့လဲ
ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အပေါ်ကျေးဇူးရှိသူများ၊ ကိုယ်နဲ့ ဆက်ဆံနေရတဲ့
လူတွေအပေါ်မှာ သကြားထက် ချိုမြိန်တဲ့ အရာတွေကို ပေးနိုင်ဖို့
ကြိုးစားကြပါဦးစို့ရှင်..